အဆိပ်သင့် အစားအစာ
ဘာကြောင့် ကျွန်တော်တို့ အစားအစာတွေကို စားနေကြရပါသလဲ? အသက်ရှင်သန်နေထိုင်ရေးအတွက် သတ္တ၀ါတွေဟာ အစားအစာတွေကို နေ့စဉ် စားသုံးနေကြရပါတယ်။ မစားချင်လို့လည်း မဖြစ်ပါ။ မစားရင် သေဖို့ပဲဖြစ်မယ်မဟုတ်လား။ ဒါပေမယ့် စားချင်ရာကိုတော့ မစားသင့်ပါ။ စားသင့်တာတွေကို စားသုံးကြရ ပါလိမ့်မယ်။ အဲဒီလိုမှမဟုတ်ပဲ စားချင်ရာကို စားမယ်ဆိုရင် သေခြင်းဆိုးနဲ့ သေဆုံးကြရပါလိမ့်မယ်။ သေခြင်းဆိုး လို့ တစ်မျိုးမထင်ပါနဲ့။ အသေမကောင်းပဲ အသေဆိုးတာကို သေခြင်းဆိုးတယ်လို့ ခေါ်မှာပဲဖြစ်ပါတယ်။ အစားအစာစားကြတာရဲ့ ရည်ရွယ်ချက်က အသက်ရှင်သန်နေထိုင်ဖို့နဲ့ ရှင်သန်နေထိုင်စဉ် ကာလအတွင်းမှာ အားအင်ပြည့်ဖြိုးပြီး ကျန်းမာစေဖို့လို့ထင်ပါတယ်။ ကျွန်တော်တို့ ရွှေမြန်မာများစားနေရတဲ့ အစားအစာတွေကတော့ အသက်တိုပြီး သေခြင်းဆိုးနဲ့ သေအောင်စားနေကြရပါတယ်။ ယနေ့အချိန်ထိ ကျန်းမာရေးအသိပညာ အလွန်နည်းပါးနေသေးတဲ့ ရွှေမြန်မာများအနေနဲ့ကတော့ ခန္ဓာကိုယ်အတွက် အင်အား မဖြစ်၊ အဆိပ်ဖြစ်စေတဲ့ အစားအစာတွေကို မက်မောစွာ စားနေကြတာကို မြင်နေရပါတယ်။ အသိပညာပေးတဲ့ ပညာပေးပွဲတွေကို နားထောင်ဖို့ဆိုတာက အဝေးကြီးမှာပဲ ရှိနေဆဲပါ။ ပညာပေးတဲ့သူတွေကလည်း တာဝန်ကျေ ပညာအပေးခံရတဲ့ ပြည်သူလူထုကလည်း စိတ်မ၀င်စား သူ့ဟာနဲ့သူတော့ ဟုတ်နေကြတာပါပဲ။ မဟုတ်တာက ကျန်းမာရေးတွေချို့ယွင်းပြီး သေခြင်းဆိုးတွေနဲ့ သေဆုံးကုန်ကြရတာပါပဲ။ အသက်ရှင်သန်နေထိုင်ဖို့အတွက် စားနေကြတဲ့အစားအစာတွေက အသက်သေဆုံးစေမယ့် အဆိပ်တွေဖြစ်နေတာကို လက်မခံနိုင်ကြသေးတဲ့ နိုင်ငံဖြစ်နေပါတယ်။ ပြောမယုံ ကြုံမှ သိဆိုသလိုပဲ ကြုံကာမှကြုံရော၊ ဖြစ်ကာမှ ဖြစ်ရောဆိုတဲ့စိတ်နဲ့ စားကြဆဲ သောက်ကြဆဲပါ။
အစားအစာဆိုတာကလည်း တစ်ခဏတာစားပြီး ပြီးသွားတဲ့ ကိစ္စမဟုတ်ပါ။ အသက်ရှင်သန်နေထိုင်ရေးအတွက် အလွန်ပင်အရေးကြီးတဲ့ လုပ်ဆောင်ချက်တစ်ခုဖြစ်ပါတယ်။ အရေးကြီးတယ်လို့ ပါးစပ်ကပြောနေရုံနဲ့တော့ မဖြစ်နိုင်တာသိကြပါလိမ့်မယ်။ ဒါပေမယ့် လက်တွေ့မှာလည်း ပါးစပ်ကပဲပြောနေကြဆဲပါ။ လက်တွေ့ခံစားနေ ကြရတဲ့ မိသားစု အသိုင်းအ၀ိုင်းတွေ အများအပြားရှိနေတာကိုတော့ ဆေးရုံ၊ ဆေးခန်းတွေကို ရောက်မှ သိကြရ ပါတယ်။ ကိုယ်တိုင်ခံစားကြရမှ ထထအော်တတ်တဲ့ ကျွန်တော်တို့ ရွှေမြန်မာတွေရဲ့ အကျင့်ဆိုးတွေကိုလည်း ပြင်သင့်တဲ့အချိန်ရောက်နေပါပြီ။ ကိုယ့်ရင်သွေး၊ ကိုယ့်မိဘ ညီအစ်ကို မောင်နှမအသိုင်းအ၀ိုင်းမှာ ရောဂါခံစား ရမှ ကိုယ်တိုင်ကြုံတွေ့ရမှ ဆင်ခြင်ကြမယ်ဆိုရင်တော့ မဟုတ်သေးပါ။ လူတိုင်းလူတိုင်း ကျန်းမာရေးအသိ ရှိသင့်ပါပြီ။ ရင်သွေးငယ်တွေရဲ့ နေ့စဉ်စားသောက်နေတဲ့ အစားအစာတွေဟာ ဆိုးဆေးတွေ၊ ဓာတုပစ္စည်းတွေနဲ့ မကင်းတာတွေကို မစားအောင်တားဆီးသင့်ပါတယ်။ ဆိုးရွားလွန်းလှတဲ့ မကြားဖူးတဲ့ရောဂါဝေဒနာတွေကို ခံစား နေကြရတာကို လေ့လာကြည့်မယ်ဆိုရင် ကလေးသူငယ်တွေ၊ လူငယ်လူရွယ်တွေက အများစုဖြစ်နေပါတယ်။ ဘာကြောင့်အဲဒီလိုကလေးတွေမှာပဲ ရွေးဖြစ်နေရတာလဲ ဆိုတာကိုလည်း စဉ်းစားသင့်လှပါတယ်။ ကလေးတို့ အကြိုက် လူငယ်တွေအကြိုက်ကို ဆိုးဆေးအရောင်လှလှလေးတွေနဲ့ ပုံပြောင်းတတ်ကြတဲ့ တစ်ကိုယ်ကောင်း စီးပွားရေးသမားများကြောင့်ပဲ ဖြစ်ပါတယ်။ ကင်ဆာသာမက အခြားသောရောဂါမျိုးစုံဖြစ်နေတတ်ကြတာကလည်း ကလေးသူငယ်များနဲ့ လူငယ်လူရွယ်များပဲဖြစ်ပါတယ်။ တိုင်းပြည်ရဲ့ အညွန့်အဖူးလေးတွေ အညွန့်ကျိုးနေတာကို ထိုင်ကြည့်ရက်ကြတဲ့ မိဘများ နဲ့ တစ်ကိုယ်ကောင်း စီးပွားရေးသမားများကို တကယ်ကိုအံ့သြမိပါရဲ့။ တစ်ကိုယ်ကာင်း စီးပွားရေးသမားများအနေနဲ့ ကိုယ့်ကြောင့် လူတွေအသက်ဆုံးရှုံးနေတယ်ဆိုတာကို ခေါင်းထဲမှာ ရှိလိမ့်မယ်မထင်ပါဘူး။ ငွေတစ်ခုတည်းကိုသာ မျက်လုံးထဲ မြင်နေကြမှာပါ။
ယနေ့ခေတ်ကာလမှာ အသက်တမ်းလေးဆယ်ရှိနေတဲ့သူတွေကို လေ့လာကြည့်ရင် ဒီအစားအစာလည်း မစားရဲ၊ ဟိုအစားအစားလဲ မထိရဲ မတို့ရဲ နဲ့ ဖြစ်နေကြတာမြင်နိုင်ပါတယ်။ မေးကြည့်ရင် သွေးတိုး၊ ဆီးချို၊ သွေးချို ဆိုတဲ့ ရောဂါတွေရှိနေတယ်ဆိုပဲ။ ဘုရားဟောထဲမှာတော့ သေဆုံးပြီးတဲ့နောက်မှာ ပြိတ္တာဖြစ်တာတဲ့။ ခုခေတ်ကလူတွေကို ကြည့်မိတော့ မသေခင်မှာကို ပြိတ္တာဖြစ်နေကြတာတွေ့ရတယ်။ ပြိတ္တာဆိုတာကလည်း စားချင်တာ မစားရ၊ မြင်သာမြင်မကြင်ရဆိုသလိုပါပဲ။ အခုခေတ်ကတော့ အရှင်လတ်လတ် ပြိတ္တာတွေကို မြင်နေရပါပြီ။ သေတဲ့အထိအောင်စောင့်နေစရာကို မလိုတော့တာ မြင်နိုင်နေတာ ကံထူးလွန်းလို့လားပဲ။ အဲဒီလိုမျိုး ရောဂါတွေဖြစ်နေရတဲ့ သက်တမ်းကနေ အသက်ငါးဆယ်လောက်လဲ ရောက်ကရော အဆုတ်ကင်ဆာ၊ အသည်းကင်ဆာ၊ ဘာကင်ဆာ ညာကင်ဆာတွေနဲ့ ခြောက်လပဲ ခံတော့မတဲ့ဆိုတာနဲ့ အဆုံးသတ်ကုန်ကြရပါတယ်။ ရောဂါတွေဖြစ်လာပြီဆိုတာနဲ့ လူဟာ အသုံးမကျတော့ပါဘူး။ ငွေကုန်ကြေးကျ များပြားလာသလို မိသားစုဝင်တွေအတွက် အလုပ်ပိုတွေလုပ်လာကြရပါတော့တယ်။ ဒါတွေက နေ့စဉ် အသက်ရှင်သန်နေထိုင်ရဖို့စားတဲ့အစားအစာတွေက နေ့စဉ် နေ့စဉ် အဆိပ်ကို နည်းနည်းခြင်းစားသုံးနေကြရတဲ့ အဖြစ်ကို ကျွန်တော်တို့ ရွှေမြန်မာများ ရောက်ရှိနေတဲ့အပြင် တစ်ကိုယ်ကောင်းသမား စီးပွားရေးသမားများ အနေနဲ့ကတော့ နောင်တမပြောနဲ့ သူတို့နဲ့ကြောင့် မဟုတ်ဘူးလို့ပဲ ခံယူထားဆဲဖြစ်ပါလိမ့်မယ်။ ကျွန်တော်တို့ ရွှေမြန်မာများကလည်း အချိုအချောင်လိုက်လွန်းတဲ့စိတ်ကြောင့် ခုလို အဆင့်အတန်းမမီ၊ အရည်အသွေးမမီတဲ့ အစားအစာတွေကို စားသုံးနေရခြင်းလည်း ဖြစ်ပါတယ်။ အချိုအချောင်ကို တတ်နိုင်သမျှ မလိုက်ကြဖို့လည်း အကြံပြုလိုပါတယ်။
ရောင်စုံ ချိုချဉ်လေးများ၊ ဂျယ်လီလိုမုန့်မျိုးစုံလေးများက ကလေးသူငယ်တွေကို အညွန့်ချိုးမယ့် အဆိပ်တွေဖြစ်တယ်ဆိုတာကို မြင်ရတွေ့ရ ကြားရတဲ့သူတွေက အသိပညာ မျှဝေးပေးနေကြပါသော်လည်း ကိုယ်သိ ကိုယ်တတ်လို့ခံယူထားတတ်ကြတဲ့ ရွှေမြန်မာများကတော့ မိမိတို့ရင်သွေးကို ရောဂါတွေ၊ အဆိပ်တွေ ကို ငွေပေးဝယ်ယူပြီးတော့ ကျွေးနေကြောင်းကို နားမလည်ကြတာလား၊ သိရက်နဲ့ပဲ တမင်သက်သက်ကျွေးနေ ကြလေသလားတော့ မပြောတတ်တော့ပါဘူး။ သုံးလိုက်ကြတဲ့ Facebook၊ ပွတ်လိုက်ကြတဲ့ ဖုန်း ဘာအတွက် ဆိုတာတော့ စဉ်းစားကြပုံမပေါ်ပါ။ ကလေးနားပူနားဆာလုပ်တာကို နားအေးပြီးရောဆိုကာ လိုချင်တာ ၀ယ်ပေး၊ စားချင်တာဝယ်ကျွေးနေတာ မိဘတွေရဲ့ မိုက်မဲလွန်းတဲ့ လုပ်ရပ်ဖြစ်တယ်ဆိုတာ သိပုံပင်မရတဲ့ မိဘများနဲ့ ဘာမှ မသိနားမလည်သေးတဲ့ ရင်သွေးငယ်တွေ ဘယ်လိုများ အညွန့်လူနိုင်မလဲ။ ကလေးကို သိသင့်သိထိုက်တဲ့ အသိဥာဏ်သင်ပေးရမှာဖြစ်ပေမယ့် ဖုန်းပွတ်ဖို့အချိန်နည်းသွားမှာစိုးပုံရနေတဲ့မိဘများ၊ လိုင်းပေါ်မကြူလိုက်ရမှာ စိုးနေတဲ့ မိဘများနဲ့ ယနေ့လူငယ်တွေကို ဘယ်လိုများ ဆုံးမသွန်သင် လမ်းပြနိုင်ပါ့မလဲ။ အဆိပ်အတောက်ဖြစ် စေတဲ့ အစားအစာတွေကတော့ အားလုံးနီးပါးပင်ဖြစ်နေတာကို နိုင်ငံတော်အစိုးရက ထိထိရောက်ရောက် ကိုင်တွယ်အရေးမယူသေးသ၍ကတော့ ဘယ်လိုမှ နလံထူနိုင်မယ်မထင်ပါဘူး။ အသိဥာဏ် နုံနဲ့ရတဲ့အထဲ အသက်တမ်းလေးတွေပါ တဖြည်းဖြည်းနည်းနည်းလာလိုက်တာ အခုဆိုရင် အာရှတိုက်မှာ သက်တမ်းအတိုဆုံးဆုတော့ ရနိုင်နေပါပြီ။ ရောဂါမျိုးစုံကို ပေးနေတဲ့ အရောင်အသွေးစုံစုံ၊ အနံ့စုံစုံ ထုတ်ပိုးထားတဲ့အစားအသောက်တွေအပြင် ဘာအသားမှမသိတဲ့၊ အသားပုပ်များပင်ဖြစ်နိုင်တဲ့ အသားတုံးတွေ ကြာရှည်ခံဆေးတွေ ထိုးကြ၊ ဖြန်းကြတာ မှန်ကန်တဲ့ အသက်မွေးဝမ်းကြောင်းမှု(သမ္မာ အာဇီဝ)လုပ်ငန်းလို့ ခေါ်နိုင်မယ်လို့ထင်နေကြပါသလား။ ရွှေမြန်မာတို့ရဲ့ အသက်ပေါင်းများစွာကို တဖြည်းဖြည်းချင်း အမှည့်ခြွေခြွေ နေတဲ့ အဲ အမှည့်ထိကိုမခံပါဘူး အစိမ်းခြွေခြွေနေတဲ့ နေ့စဉ်အာဟာရ ဖြစ်ရမယ့်အစားအစာတွေဟာ နေ့စဉ် စားနေရတဲ့ အဆိပ်တွေဖြစ်နေတတ်ပါကြောင်း ရေးသားရင်း ရပ်နားလိုက်ပါတယ်။
https://steemit.com/myanmar/@ansoe/asaipthng-asaasa-7961d1446c4f7est





Comments
Post a Comment